Eleven Media Group အနေဖြင့် ပြည်သူ့အကျိုးကိုသံယောင်ဟစ်ကာ မီဒီယာကို အသုံးချ၍ နောက်ကွယ်မှ ကိုယ်ကျိုးရှာနေမှုများအား စာနယ်ဇင်းနှင့် သတင်းသမားအစစ်အမှန်များက ၀ိုင်းဝန်း၍ ဖေါ်ထုတ်ရှုတ်ချသင့်ပြီ ဖြစ်ပါသည်။ မိမိအကျိုးအတွက် ပြည်သူများကို ခုတုံးလုပ်နေခြင်းမှ ကာကွယ်ရန် အတွက်ဖြစ်သည်။
ကိုယ်ကျိုးရှာစီးပွါးရေးသမားတစ်ဦးပိုင်ဆိုင်သော အဆိုပါမီဒီယာလုပ်ငန်းတွင် မရိုးသားသောမူဝါဒ ၂ ရပ်ကို ထင်ထင်ရှားရှားတွေ့မြင်ခဲ့ရပါသည်။
၁။ သတင်းအတတ်ပညာကိုအသုံးချကာ ပြည်သူတို့အားစည်းရုံးရန်
၂။ ဒုတိယအဆင့်အနေဖြင့် စည်းရုံးခံပြည်သူတို့ကို ခုတုံးလုပ်ကာ စီးပွါးပြိုင်ဖက်များနှင့် နိုင်ငံရေးတွင် မိမိအားအကျိုးမပြုနိုင်သူတို့ကို ဖယ်ရှားပစ်ရန်၊ နာမည်ဖျက်ရန်၊ သွေးထိုးရန်
အထက်ပါ မူဝါဒနှစ်ရပ်ကိုဖေါ်ဆောင်ရာတွင် ပြည်သူအများစုကို စည်းရုံးသိမ်းသွင်းနိုင်သည့် ရေးသားတင်ပြမှုမျိုး ဖြစ်ရမည်။ ဖေ့စ်ဘွက်စာမျက်နှာတွင်တင်သော မူဝါဒ ၂ ဆိုင်ရာသတင်းများအား လိုအပ်သလို ၀န်ထမ်းများက၀ိုင်းဝန်း၍ comment များဖြင့် လူထုအားဦးဆောင် သွေးဆွပေးရမည်။ မိမိတို့အားထိရောက်စွာ ပြန်လည်ဖြေရှင်းတုန့်ပြန်သော comment များကို အခါမလပ်စောင့်ကြည့်၍ ဖျက်ချခြင်း၊ Block လုပ်ခြင်းတို့ ပြုလုပ်ရမည်ဖြစ်သည်။ စစ်မှန်သော သတင်းဌာနများသည် မိမိတို့အားပြန်လည်ဝေဖန်ချက်တို့ကိုပင် လူထုအားထုတ်ပြန်ကြေငြာပေးကာ ဖြေရှင်းသည့်အစဉ်အလာများရှိသည်။
သတင်းလောကကို အပိုင်စီးလိုမှုအတွက် သက်သေ
====================================
ယခုအခါအစိုးရသတင်းစာများသည် ပုဂ္ဂလိက သတင်းစာစောင်များနှင့်အပြိုင် ဖြစ်နိုင်သမျှရောင်စုံသတင်းစာများအဖြစ်ထုတ်ဝေရန်၊ သတင်းများကို ပိုမိုဖေါ်ပြနိုင်ရန်အတွက် သတင်းစာ၏အရွယ်အစားပြောင်းလဲသတ်မှတ်ရန်အပြင် အာဆီယံဒေသတွင်း အစည်းအဝေးများမှ သတင်းအချက်အလက်များ အချိန်နှင့်တပြေးညီ ရယူနိုင်ရန်စီမံကိန်းများရှိကြောင်း ပြည်ထောင်စုဝန်ကြီးက တင်ပြပြီး စီမံကိန်းအကောင်အထည်ဖေါ်ရန် ဘတ်ဂျက်တောင်းခံကြောင်းသိရပါသည်။ အစိုးရသတင်းစာဟူသည် မည်သည့်ခေတ်တွင်မဆို ပုဂ္ဂလိကသတင်းစာဈေးနှုန်းထက် ပိုမိုသက်သာပါသည်။
အစိုးရတစ်ရပ်အနေဖြင့်လည်း ပြည်သူလူထုကို အသိပေးသင့်သည့်အချက်အလက်များအတွက် ပြန်ကြားပေးရန် တာဝန်ရှိပါသည်။ ရှိကိုရှိသင့်ပါသည်။ အဓိကလိုအပ်ချက်မှာ ၀ါဒမှိုင်းတိုက်ခြင်းမှ ကင်းရှင်းပြီး အမှန်အတိုင်း ရေးသားဖေါ်ပြရေးသာဖြစ်ပါသည်။ သို့မှသာ ပြည်သူတို့အဖို့ သက်သာသောနှုန်းထားနှင့် ရွှေးချယ်စရာ ပိုမိုများပြားမည်ဖြစ်ပေသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ (27/01/14)ရက်စွဲနှင့် ထုတ်ဝေသည့် Eleven Media Group မှ Weekly Eleven News Journal တွင် အစိုးရသတင်းစာလုပ်ငန်းတိုးမြှင့်ဆောင်ရွက်မည့်အစီအစဉ်များအပေါ်တွင် ဝေဖန်ပုတ်ခတ်ရေးသားထားပါသည်။ အစိုးရသတင်းစာကို လုံးဝဖျက်သိမ်းစေလိုသည့် မှတ်ချက်မျိုးဖေါ်ပြသည်ကိုတွေ့ရပါသည်။ ထိုသို့ဖေါ်ပြရာတွင် သတင်းမီဒီယာလောကတွင် မိမိ၏လက်ဝါးကြီးအုပ်လိုမှုနှင့်မိမိစီးပွါးကိုကာကွယ်လိုမှုတို့ကို ဖုံးကွယ်ဝှက်ထားပြီး အစိုးရမှကျခံရမည့် ဘဏ္ဍာငွေအတွက် “ပြည်သူ့ချွေးနဲစာ” ဟူသောအသုံးအနှုန်းမျိုးဖြင့် လူထုကိုစေတနာကြီးမားသယောင်ပြုကာ တနည်းအားဖြင့်လူထုအား စကားလှလှလေးများသုံးတိုင်း နားယောင်မည့် ကလေးများသဖွယ်သဘောထားကာ အသုံးချနေခြင်းမှာ လူထုကို စော်ကားနေခြင်းသာဖြစ်သည်။ စာနယ်ဇင်း လွတ်လပ်ခွင့်ဆိုသည်မှာ အမှန်တရားကိုလွတ်လပ်စွာ ဘက်မလိုက်ပဲဖေါ်ထုတ်နိုင်ရန်အတွက်သာ ဖြစ်သင့်ပြီး အစိုးရနှင့်ပြိုင်ဘက်များကို ကိုယ်ကျိုးအတွက် ရေးချင်တာရေးပြီး တိုက်ခိုက်ရန်မဟုတ်ပါ။ ဆက်လက်ဖေါ်ပြပါမည်။
မိမိအကျိုးကို မဆောင်ကျဉ်းပေးနိုင်သူ နိုင်ငံရေးသမားများကို နာမည်ဖျက်ခြင်း။
=========================================
၂၀၁၃၊ စက်တင်ဘာလအတွင်း Eleven သတင်းစာတွင် ၁၁ ဘီလျံကိစ္စကို အကျယ်တ၀င့်ဖေါ်ပြကာ ဝေဖန်မှုများ၊ ကာတွန်းဖြင့်သရော်မှုများလုပ်ကာ အတည်မပြုနိုင်သေးသည့်သတင်းတစ်ရပ်ကို လူထုအကြား ဟိုးလေးတကျော်ဖြစ်စေခဲ့ဖူးပါသည်။ ၀န်ကြီးဦးစိုးသိန်းနှင့် ဦးအောင်မင်းတို့မှာ လက်ရှိအစိုးရအတွင်း တက်ကြွသော ပြုပြင်ပြောင်းလဲရေးသမားများဖြစ်ကြပြီး ယခင်ရင်းနှီးမြုပ်နှံမှု ကော်မရှင်ဥက္ကဌဖြစ်ခဲ့ဖူးသူ ၀န်ကြီးဦးစိုးသိန်းမှာ မကျေလည်သောစီးပွါးရေးအင်အားစုများမှ လုပ်ကြံခြင်းကိုခံရသူဖြစ်သည်။ ၀န်ကြီးတစ်ဦးတစ်ယောက်အပေါ်ထိုသို့ စွပ်စွဲဝံ့ရလောက်အောင် လက်ရှိအစိုးရအဖွဲ့အတွင်းမှ ယှဉ်ပြိုင်သြဇာကြီးမားသူများနှင့်လည်း ဒေါက်တာသန်းထွဋ်အောင်နှင့် ဆက်နွယ်မှု ရှိရမည်ဟု ကောက်ချက်ချနိုင်သည်။ ယခင်စစ်ဗိုလ်ချုပ်များအားလုံးနီးပါး ကိုယ်ကျိုးစီးပွါးမကင်းကြောင်းသိလျက် မည်သည့်အငြိုးအတေးနှင့် ဦးစိုးသိန်းကိုမှကွက်ပြီး ပိုင်ဆိုင်မှုမေးခွန်းများထုတ်ခဲ့ရသနည်း။ ပြည်သူ့အကျိုးလား၊ နောက်ကွယ်မှထောက်ပံသူ သို့မဟုတ် မိမိ၏အကျိုးအတွက်လား ဒေါက်တာသန်းထွဋ်အောင်ကိုပင် ပြန်လည်မေးခွန်းထုတ်ရပေမည်။ ၀န်ကြီးဦးစိုးသိန်းကတော့ အင်တာဗျူးတွင် မေးသမျှ ပြန်လည်ဖြေကြားပေးခဲ့သည်သာ။
ခေါင်းဆောင်ကောင်းများအပေါ် ပြိုင်ဖက်သဖွယ်သဘောထားကာ မနာလိုမှု
========================================
ပေါ်ပြူလာဖြစ်လိုမှု၊ နေရာရလိုမှုတွေနဲ့ ၈၈ကျောင်းသားအရေးအခင်းမှာ ပါဝင်ခဲ့ဖူးသူ Eleven ပိုင်ရှင် ဒေါက်တာသန်းထွဋ်အောင်ဟာ လက်ရှိကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီး စသူတို့အပေါ်မှာလည်း မလိုလားတဲ့ပြိုင်ဘက်စိတ်မျိုးတွေရှိပါတယ်။ ဥပမာ - ၂၀၁၃ ဇန်န၀ါရီလ ၅ ရက်နေ့မှာပြုလုပ်ခဲ့တဲ့ ပုဒ်မ၁၈ အပါအ၀င်ပြည်သူကို ဖိနှိပ်ချုပ်ချယ်သောဥပဒေများ ပြင်ဆင်၊ ဖျက်သိမ်းရန် ဆန္ဒပြပွဲမှာ တက်ကြွစွာ ဦးဆောင်ပါဝင်ခဲ့တဲ့ မင်းကိုနိုင်၊ ကိုကိုကြီးတို့ကို သတင်းဖေါ်ပြရာမှာ အမည်မထည့်သွင်းပဲ အခြားသော မထင်ရှားသူအမည်များ တန်းစီထည့်သွင်းဖေါ်ပြတာမျိုးတွေပါ။ ပုဂ္ဂိုလ်ရေးအလွန်ဆန်ပါတယ်။
Eleven ရဲ့ စေတနာအမှန်
=====================
ခု Eleven Media Group ရဲ့ ပြည်သူ့အပေါ်သဘောထားအမှန်ကို ကျွန်တော်ခွါချပြပါတော့မယ်။ မကြာသေးခင်က ရန်ကုန်မှာ ပြည်တွင်းမှလိုင်စင်ရဆရာဝန်တစ်ယောက်ယောက်ရဲ့ အမည်ခံကာဖွင့်ထားတဲ့ တရုတ်တိုင်းရင်းဆေးကုခန်းတွေ ခေတ်စားခဲ့ပါတယ်။ ကြော်ငြာတွေကလည်းကောင်းတော့ လူတွေက အားကိုးပြီး သွားကြပါတယ်။ ရောဂါမပျောက်ပဲ ငွေကြေးကုန်ကျမှုအလွန်များတဲ့အပြင် တာဝန်ယူမှုလည်းမရှိပါဘူး။ ခံရတဲ့လူတွေများလာတော့ လူထုထဲမှာအနံ့ထွက်လာပြီး နောက်ဆုံး ကျန်းမာရေးဝန်ကြီးဌာနက စုံစမ်းဖေါ်ထုတ်ဖို့လုပ်တဲ့ အဆင့်ထိရောက်လာပါတယ်။ ဆေးခန်းအတွင်းမှာ မြန်မာစကားမတတ်တဲ့ တရုပ်ဆေးဆရာနဲ့ သူတပည့်တွေအုံနဲ့ကျင်းနဲ့လှုပ်ရှားနေကြပြီး ဆေးကုသခွင့်လိုင်စင်အထောက်အထားတွေလည်း မရှိကြလို့ ၀န်ကြီးဌာနက ပြည်ထဲရေးကို အကြောင်းကြားပြီးပိတ်သိမ်းခိုင်းခဲ့တာပါ။ အဲလိုပိတ်သိမ်းခိုင်းဖို့ကို ကျန်းမာရေးဝန်ကြီးက လွတ်တော်မှာဆွေးနွေး၊ ပညာရှင်တွေနဲ့ တာဝန်သိ သတင်းစာဆရာတွေက ရေးသားဖေါ်ထုတ်ခဲ့ကြပြီး သူတို့ကြော်ငြာတွေကိုလည်း တာဝန်သိ သတင်းစာ၊ ဂျာနယ်တွေက လက်မခံတော့ပါဘူး။ ဒါပေမယ့်
သိပ်မကြာခင်မှာပဲ ကြေငြာအားကောင်းကောင်းနဲ့ တစ်စခန်းပြန်ထလာပါတယ်။ ၂၀၁၃၊ စက်တင်ဘာလ ၂၃ ရက်စွဲနဲ့ထုတ်တဲ့ weekly eleven ဂျာနယ်၊ စာမျက်နှာ ၂၁ မှာ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်မြတ်ထွန်းလမ်းပေါ်က နယူဟောင်ကောင်ဆေးခန်း၊ စာမျက်နှာ ၂၈မှာ လမ်းမတော်မြို့နယ်ထဲက Orient Clinic၊ စာမျက်နှာ ၄၁မှာ လသာမြို့နယ်၊ စဥ့်အိုးတန်း အောက်လမ်းက ခေတ်မှီဆေးခန်း ကြော်ငြာတွေဟာ ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်က လွတ်တော်မှာ ဖေါ်ပြခဲ့တဲ့ဆေးခန်းတွေပါပဲ။ ဒေါက်တာသန်းထွဋ်အောင်ဟာ လူတွေရဲ့အသက်ကိုငွေလောက်တန်ဘိုးမထားတဲ့ ဆရာဝန်တစ်ယောက်လားခင်ဗျာ။
မီဒီယာပိုင်ရှင် ဒေါက်တာသန်းထွဋ်အောင်၏ ကိုယ်ပိုင်လုပ်ငန်းတစ်ခုဖြစ်သော ကားအရောင်းပြခန်းမှာ မျှော်မှန်းထားသလိုအဆင်မပြေ၊ ကားဈေးတွေဆက်တိုက်ထိုးကျလာချိန်ကဆိုလျှင် လမ်းပေါ်တွင် ကားတွေကျပ်နေခြင်းကို အကြောင်းပြပြီး အကျိုးပြုသမားဟန်ဆောင်ကာ အစိုးရအားဝေဖန်ပြစ်တင်ပြီး ကားပါမစ်များကို ဆက်လက်မပေးသင့်ကြောင်း သတင်းဖေါ်ပြခဲ့ပါသည်။ ကားကျပ်မှုကို မှန်ကန်စွာဖြေရှင်းရန်မှာ မြို့ပြစီမံကိန်းကို စနစ်တကျတည်ဆောက်ခြင်းသာဖြစ်ပြီး လူထုက ဈေးသက်သက်သာသာနှင့် ၀ယ်စီးနေနိုင်သော ကားပါမစ်များကို ပိတ်ရန်မသင့်ဟုထင်ပါသည်။ ကားပါမစ်များကို ပိတ်လျင် ကားတွေဈေးပြန်လည် ခေါင်ခိုက်မည်ဖြစ်သည်။ ပြည်သူအကျိုးကို မငဲ့သော နိုင်ငံအကျိုးပြုလိုလိုနှင့် ပြည်သူတွေကို လှည့်စားကာ ကိုယ်ကျိုးရှာ စီးပွါးရေးသမားသက်သက်သာ ဖြစ်သည်။
ဖြစ်ရပ်များအား အသေးစိတ်ရေးသားဖေါ်ပြရလျင် ဆုံးမည်မထင်။ မိမိ၏ကိုယ်ကျိုးအတွက် လူထုအား စေတနာထားသယောင်ပြု၍ လုပ်ဆောင်နေခြင်းသည် ကောက်ကျစ်သည်မည်၏။ လူထုကို လှည့်စား စော်ကားနေခြင်းဖြစ်သည်။ ထိုကဲ့သို့သော မီဒီယာတစ်ခု မြန်မာပြည်တွင် နံပါတ်တစ် နေရာမျိုးကို ရနေသည်မှာ အခြေအနေမကောင်းပါ။ ပြည်သူတွေကို အလင်းပေးရန်အလို့ငှာ စစ်မှန်သော သတင်းသမားများအားလုံးဝိုင်းဝန်း ဖေါ်ထုတ်ကြစေလိုပါတယ်။
Eleven Media Group ၏ နောက်ကွယ်မှ ကိုယ်ကျိုးရှာမှုများ၊ ဘက်လိုက်မှုများကို ၀ိုင်းဝန်းဖေါ်ထုတ်ကြပါစို့။
မြန်မာ့သတင်းလောက စစ်မှန်စွာတိုးတက်ပါစေ။
မောင်မောင်သန့်
သတင်းဝါသနာရှင်
No comments:
Post a Comment